ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား မေ ၂၃

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြီးမှူး၍ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် မေလ (၈) ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့သော ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၈)နာရီက မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်စက်လှေဆိပ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအား ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ကြရမည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်မီအဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျအသုံးပြုတတ်စေရန်နှင့် ပိုမိုထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်များ ဖြစ်ပွားကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရာတွင် လျင်မြန်စွာဖြင့်ပူးပေါင်းပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မေလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသား(၁၀၀)ကျော်တို့အတွက် သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးသင်တန်းသားများက ဧရာဝတီမြစ်အတွင်း ရေကြီးနစ်မြှုပ်မှုအတွက် စက်တပ်အမြန်ရေယာဉ်များ၊ သက်ကယ်ဘောကွင်းများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့စုများ၏ ရှာဖွေကယ်ဆယ်ရေးသုံး အဆင့်မြင့်ခေတ်မီပစ္စည်းများ၊ ယာယီမိုးကာတဲများ၊ အမြန်ရေယာဉ်များ စုဖွဲ့ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)