မြဝတီ မေ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်အပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား အခြေခံပညာကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင် ရေးအတွက် အခြေခံပညာကျောင်းများမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ ကြီးကြပ်၍ ဆရာ/ ဆရာမများက KGတန်းမှ Grade 12 အထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်း မြင့်မားလာ စေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံရာတွင် KG မှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသုံးစာရေးကိရိယာများအပြင် ကျောင်းဝတ်စုံ (၁) စုံတို့ကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)