ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ပုသိမ်ကြီး မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ၏ (၂၅)နှစ်ပြည့်ငွေရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် မြတ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်၍ အဆိုပါတက္ကသိုလ်၏ ငွေရတု အထိမ်းအမှတ်ပွဲတော်တွင် ပြသထားသည်များ၊ ကျောင်းသားကျောင်းသူများ၏ မုန့်ဈေးပွဲတော်အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးမှ တက္ကသိုလ်၏ ငွေရတုအထိမ်းအမှတ် ကိတ်မုန့်ခွဲပေးခဲ့ပြီး၊ ပါမောက္ခချုပ် (ပူးတွဲတာဝန်) ပါမောက္ခ ဒေါက်တာ ခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်နှင့်တကွ ပါမောက္ခဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ ကထိကဌာနမှူးများနှင့် ဆရာမများက “ငွေရတုခရီးဆက် ဆေးဘက်သမားတော်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းသားကျောင်းသူများ၏ စကားရည်လုပြိုင်ပွဲ အစီအစဥ်ကို နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့ပြီးနောက် တက္ကသိုလ် documentary video၊ ဘာသာရပ် အလိုက် documentary video၊ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံ၊ စသည့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)