မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်

ချမ်အေးသာစံ မေ ၂၃

မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောအဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း(မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးသေဆုံးမှုများရှိပြီး ယခုအခါပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက်လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဆောက်လုပ်ရေးအပိုင်းတွင် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန်  အင်ဂျင်နီယာပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး အရည်အသွေးပြည့်မီသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုသွားရန် အထူးအရေးကြီးပါကြောင်း၊ ယခုလို နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၌များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှရရှိသည့် နည်းလမ်းများကိုအခြေခံ၍ အကောင်းဆုံးနည်းလမ်းများဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် New Starlight Group Co.ltd မှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ၊ မန္တလေးငလျင်ဒဏ်ကြီးကြောင့် ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ငလျင်ဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှလိုင်စင်ရ ကျွမ်းကျင်ပညာရှင် Mr. Prof. DAI Junwu က ကူမင်းမြို့ရှိ Quake Safe  နည်းပညာကုမ္ပဏီမှ ထုတ်လုပ်သော Safety Insert  Isolation Bearing(ငလျင်ပြင်းအားလျှော့ချ‌ရေး ကြားခံပစ္စည်း) နှင့်ပတ်သက်၍လည်းကောင်း၊ အင်အားပြင်းငလျင်ဖြစ်ပြီး​နောက် အ​ဆောက်အဦခိုင်ခံ့မှုစစ်​ဆေးခြင်း၊ ခိုင်ခံ့မှုဒီဇိုင်း ပြန်လည်တွက်ချက်ခြင်း၊ ခိုင်ခံ့မှုဒီဇိုင်းတိုးမြှင့်အောင် ဒီဇိုင်းတွက်ချက်ခြင်း၊ ငလျင်​ကြောင့်ပျက်စီးမှုများအား ပြန်လည် ပြင်ဆင်မွန်းမံခြင်းနည်းပညာများနှင့် ပတ်သက်၍လည်းကောင်း powepoint ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ အင်ဂျင်နီယာများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်