တန့်ယန်းမြို့နယ်တွင် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တန့်ယန်း မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အောင်မင်္ဂလာကျောင်းတိုက်ကြီးအတွင်း၌ တည်ထားလျက်ရှိသော ဉာဏ်တော် (၈၁) ပေရှိသည့် ရွှေဟင်္သာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ၊ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တ ကောလိယနှင့် ဆရာတော်ကြီးတို့ထံမှ ဩဝါဒများကို ခံယူကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရွှေဟင်္သာစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)