ကျောက်တလုံးကြီး မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲကို နောင်ကားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းပွဲတွင် တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဆိုင်များနှင့်ပတ်သတ်၍ ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး၊ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းမပြုသောဆိုင်များအား နောင်တချိန်တွင်သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ရောင်းချနေသော ဆိုင်များအနေဖြင့် လိုင်စင်ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လစဥ်လိုင်စင်မဲ့ဆိုင်များ စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိပါကသက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသက်ဆေး ရောင်းချသူများအနေဖြင့် အတုအပများသတိပြုရန်လိုအပ်ကြောင်း၊ ပြည်ပမှတရားမဝင် နည်းလမ်းဖြင့်ရောက်ရှိလာသော မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးများ မိမိတို့ဆိုင်တွင် ရောင်းချခြင်းမပြုရန်နှင့် စိုက်ပျိုးတောင်သူများအတွက် အန္တရာယ်ရှိကြောင်း၊ ရောင်းချရာတွင်လည်း ပြေစာများ၊ ဝယ်ယူသူ၊ ပစ္စည်းစာရင်းများသေချာမှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း အသိပညာပေးဟောပြောကြားခဲ့ပြီး မြေသြဇာဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေများနှင့်ပတ်သက်၍သက်ဆိုင်ရာစိုက်ပျိုးရေးတာဝန်ခံဦးစီးအရာရှိများက power point slide၊ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ဥပဒေများနှင့်ပတ်သတ်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်း၍ အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲသို့ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လိုင်စင်ပြုလုပ်ထားသော မြေသြဇာဆိုင်(၁၁)ဆိုင်နှင့် ပိုးသတ်ဆေးဆိုင် (၁၁)ဆိုင် ပေါင်း (၂၂)ဆိုင်တို့မှ လုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး ရှင်းလင်းပွဲအပြီးတွင် နောင်ကားကျေးရွာ ဒေါ်နန်းသိင်ခမ်း၏ ပိုးသတ်ဆေးဆိုင်အား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြေသြဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးတာဝန်ခံဦးစီးအရာရှိများ၊ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ မြို့စိုက်ပျိုးရေးတာဝန်ခံတို့က ဝင်ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း