ညောင်ရွှေ မေ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၂ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက် အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ကျောင်းအပ်နှံရေးဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ညောင်ရွှေမြို့နယ်အတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမရက်ဖြစ်သည့် ယနေ့တွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ (၁၅၇၃) ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)