တောင်ကြီး မေ ၂၃
“ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့” ဆိုသည့်အတိုင်း ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းစတင်အပ်နှံနေမှုကို ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများမှ ကျောင်းလာရောက်အပ်နှံနေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁/၃/၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများမှ ကျောင်းစတင်အပ်နှံနေမှုကို ကြည့်ရှုအားပေး၍ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကျောင်းအပ်နှံရေး သီတင်းပတ် ပထမနေ့ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို မိဘအုပ်ထိန်းသူများမှ ကျောင်းစတင်အပ်နှံနေမှုကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ - ၂၀၂၆ပညာသင်နှစ်တွင် ကျောင်းစတင်အပ်နှံမှုကို ဆောင်ရွက်လျက်ရှိရာ သူငယ်တန်း(KG) သင်ရိုးသစ်ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်နှင့် ကျောင်းဝတ်စုံ (၁)စုံ၊ ခဲတံ (၄)ချောင်း၊ ပထမတန်း (Grade1)မှ ပဥ္စမတန်း(Grade-5)အထိ သင်ရိုးသစ်ကျောင်းသုံး ပုံနှိပ်ဖတ်စာအုပ်၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ (၄)ချောင်း၊ ကျောင်းဝတ်စုံ (၁)စုံ၊ ဆဋ္ဌမတန်း (Grade-6)မှ ဒွါဒသမတန်း(Grade-12)အထိ သင်ရိုးသစ်ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ (၂)ချောင်း၊ ဘောပင် (၂)ချောင်း အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ - ၂၀၂၆ပညာသင်နှစ်တွင် မေလ (၂၂)ရက်မှ ကျောင်းစတင်အပ်နှံမှုကို မူလတန်း၊ အလယ်တန်း၊ ကျောင်းသားဟောင်းများကို (၂၅) ရက်ထိ၊ မေလ (၂၆) ရက်မှ (၂၇)ရက်ထိတွင် အထက်တန်းကျောင်းသားဟောင်းများ လက်ခံမည်ဖြစ်ပြီး မေလ (၂၈/၂၉)ရက်နေ့တွင် Grade-1 မှ Grade-11 ထိ ကျောင်းသားသစ်များလက်ခံ၍ မေ လ(၃၀)ရက်မှ ဇွန်လ (၁)ရက်နေ့ထိ KG ကျောင်းသားများ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရာတွင် မွေးစာရင်းမူရင်း၊ အိမ်ထောင်စုဇယားယူလာရန်နှင့် မိဘအုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)