ဝမ်းတွင်း မေ ၂၃
“ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (သဲတော) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူလေးများက “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြစို့ကွယ်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများက “ပညာသည်သာရတနာ” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်တို့က အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့်စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က(ခွဲ) ဝမ်းတွင်း(၁) ဆရာ/မများမှ “ပန်းကလေးများ၏ ဥယျာဥ်မှူး” အကဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)