ကျောက်တလုံးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်

ကျောက်တလုံးကြီး မေ ၂၃

နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  အခြေခံပညာအဆင့်  ကျောင်းသား/ သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းအချိန်မှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသား/သူများအား  နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့် ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများကို(အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်းပြီး၊ ကျောင်းအပ်နှံရာတွင် မွေးစာရင်း၊ မိဘမှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ ယူဆောင်လာရန်လိုအပ်ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာနှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အ.ထ.က ကျောက်တလုံးကြီး ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။

ကျောက်တလုံးကြီးမြို့အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ တက်ရောက်သင်ကြားမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း