နေပြည်တော် မေ ၂၃
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်းအားပြင်းမန္တလေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အားပေးစကားပြောကြားရာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ပေးခြင်းနှင့် ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင်လည်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက ငလျင်ဘေးကြောင့် နေအိမ်ပျက်စီးသည့် မိသားစု ၁၂၉ စုအား အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်းစီ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရိက္ခာဖိုး တစ်လစာ ခုနှစ်သောင်းကျပ်နှင့် ပစ္စည်း ၁၆ မျိုးပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်ပုံးစီ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများလိုက်ပါလျက် တက်ရှိန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားကာ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး စနစ်တကျလေ့လာကျက်မှတ်ရေး၊ စိတ်ဓာတ်တက်ကြွစွာဖြင့် အမှတ်ကောင်းရရှိအောင် ကြိုးစားဆောင်ရွက်ရေး၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရေး စသည်တို့ကို ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ ကွင်းအမှတ် (၁၈၉၅) အနီး တောင်ညိုချောင်းမှ အနိမ့်ရေလွှဲဆည်ဆောင်ရွက်၍ စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားသည့်နေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြီး နေပြည်တော်ကောင်စီဝင်က ဒေသခံတောင်သူများအား လက်တံမြောင်းမှ ဆိုလာအနိမ့်ရေတင်စနစ်ဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေပြုပြင်သည့်အနေဖြင့် ပိုက်ဆံလျှော်များစိုက်ပျိုးရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများကိုလိုက်နာပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို အချိန်ကိုက်၊ အချိုးကျ သုံးစွဲရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)