ဒက္ခိဏ မေ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားရာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးအစီအစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေး လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)