နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု၊ ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၂

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြု‌ပြင်ရေးတို့နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် နှမ်းတောကျေးရွာသို့ရောက်ရှိပြီး တောင်သူများ၏ လယ်ယာမြေများအား ရေသွင်း၊ ရေထုတ်စနစ်ကောင်းမွန်စေရေးအတွက် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ပင်သာသို့ သွားရောက်၍ ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်ကထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်သည်။

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ပင်သာ၌ Grade-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးကိစ္စရပ်များနှင့်၊ ရေ၊ မီးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရေး မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)