နမ့်စန်(တ) မေ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အရွယ် အမျိုးသားများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ညနေပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁ ၊ ၄ ၊ ၅) ရပ်ကွက်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)