မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

မြင်းခြံ မေ ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “တိုင်းနိုင်ငံအားလုံး ကျောင်းအပ်ကြစို့ကွယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ရဲမြင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူအသီးသီးမှ ပေးအပ်ခဲ့ကြသည်။

မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း (၆၉) ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။         

ကျော်စွာ(မြင်းခြံ)