တိုက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊၊ တိုက်ကြီးမြို့နယ်တွင် မိုးဦးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်နေ့၊နံနက် ၇ နာရီက ခုနှစ်ကြိုက်ကျေးရွာအုပ်စု၊ မင်္ဂလာသီရိဘုန်းတော်ကြီးကျောင်း၌ သွေးလွန်တုပ်ကွေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မိုးဦးကာလတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြည်သူများကိုယ်တိုင် မိမိတို့နေအိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှုမရှိစေရေး၊ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ တော်လတီတိုက်နယ်ဆရာဝန် ဒေါက်တာထွန်းလင်းအောင်က သွေးလွန်တုပ်‌ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က တက်ရောက်လာသောပြည်သူများအား ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ကျေးရွာအတွင်းနေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်