ကော့သောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကော့သောင်း မေ ၂၂

ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား/သူ (၂၄) ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၅) ဦးတို့က ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “Ending Plastic Pollution Globally” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/ သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာပေများကို ရှာဖွေဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ သိရှိလာသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူအချင်းချင်း ဆွေးနွေးပြောကြားခြင်းများအပြင် ကျောင်းသား/သူများမှစ၍ အုပ်ထိန်းသူ/ မိဘများ၊ ရပ်ရွာလူထုများအထိပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ ရောက်ရှိနိုင်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများအား ဇွန်လ (၅) ရက်နေ့တွင် ကျ‌ရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)