စမ်းချောင်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါစမ်းသပ်ကုသခြင်း လုပ်ငန်းများကို မေလ ၂၀ ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Drနန္ဒဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် “မရှိ၍မလင်းသူမရှိစေရ” မျက်စိကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အား ရန်ကုန်မျက်စိဆေးရုံအုပ်ကြီး Dr ခင်ဇော်၊အမျိုးသမီးဆေးရုံအုပ် Dr အေပရာယ်ချိုအောင်နှင့် မျက်စိအထူးကုဆရာ၀န်ကြီးများ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး(ဗဟို)အဖွဲ့ခွဲတို့ ပူးပေါင်းပါ၀င်ခဲ့ကြပြီး အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဒေါ်ဌေးဌေး၀င်းနှင့် အဖွဲ့၀င်များ၊ခရိုင်နှင့်မြိုနယ်တို့မှ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အနောက်ပိုင်းဆေးရုံအုပ်ကြီးဒေါက်တာခင်နန်းလုံ၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသီတာ၀င်းတို့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ် Health promoted family ပရဟိတအဖွဲ့၀င်များ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ မျက်စိကျန်းမာရေးစောင့်ရှောက်မှုသို့ လာရောက်ပြသသူ သံဃာတော်(၇၀)ပါး၊ သီလရှင်ဆရာလေး(၂၂)ပါးနှင့် ပြည်သူ(၂၉၉)ဦးလာရောက်ပြသခဲ့ပြီး အတွင်းတိမ်ခွဲစိတ်လူနာ(၁၉)ဦးအား ဆက်လက်ခွဲစိတ်ကုသသွားမည်ဖြစ်ပြီး၊ မျက်မှန်(၁၃၅)ဦးတို့အား အခမဲ့ပေးအပ်ခဲ့ကြောင်းနှင့် ရင်ခေါင်းဓာတ်မှန်ရိုက်သူ(၃၅၉)ဦးမှ သံသယရှိလူနာများအား လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း