ကော့သောင်းမြို့တွင် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်

ကော့သောင်း မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၂၂) ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း‌ ကျောင်း၊မြတ်ရတနာခန်းမတွင်ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်  ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်မှ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာမှာ ထူးချွန်တဲ့လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော အသိ ပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးရှိရန် လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေး ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။ "ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့" ဟူသည့် ဆောင်ပုဒ်နဲ့အညီ အမျိုးသားပညာရည်မြင့်မားရေးကို အကောင် အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟုခံယူကြရမည် ဖြစ်ကြောင်း၊ လက်ရှိတွင်မြန်မာနိုင်ငံပညာ‌ရေးစနစ် သင်ကြားသင်ယူမှုမြင့်မားလာပြီး ပညာရေးခေတ်မှီဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ အမျိုးသားမဟာဗျူဟာစီမံကိန်း NESPနှင့် ပညာရေးစေတနာရှင်များက ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းနေရွယ်ကလေးများ ကျောင်းနေနိုင်ဖို့၊ ပညာသင်ယူနိုင်ဖို့ ပံ့ပိုးပေးခြင်းဖြင့် ရင်ဆိုင်နေရသည့် အမျိုးမျိုးသော စိန်ခေါ်မှုတွေကို တုံ့ပြန်အနိုင်ယူဖို့ လူ့စွမ်းအားအရင်းအမြစ်များကို စွမ်းကုန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖြစ်ပါကြောင်းအမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ကော့သောင်းမြို့နယ်ပညာရေးမှူး ဦးကျော်ငွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်မှုနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊‌ ကျောင်းဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)