ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိ

ဘုတ်ပြင်း  မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် မေလ (၂၂) ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ဆက်လက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်း အသီးသီးတို့တွင် ကျောင်းအပ်နှံရေးကာလ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်အထိ ကျောင်းအပ် လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ KG မှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ခဲတံ (၄) ချောင်း၊ ကျောင်းဝတ်စုံ (၁) စုံ၊ ဗလာစာအုပ် (၁) ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Geade-6 မှ Grade-12  အလယ်တန်းနှင့်အထက်တန်းကျောင်းသား ကျောင်းသူများကို ခဲတံ (၂) ချောင်း၊ မင်တံ (၂) ချောင်း၊ ဗလာစာအုပ် (၁) ဒါဇင်၊ ကျောင်းသုံး ပုံနှိပ်စာအုပ်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အနေဖြင့် အထက်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄) ကျောင်း၊ အလယ် တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀) ကျောင်း  မူလတန်းလွန်ကျောင်း (၂၀) ကျောင်း၊ မူလတန်းကျောင်း(၃၁)ကျောင်း၊ မူလတန်းကျောင်းခွဲ (၈) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း (၁) ကျောင်း၊ စုစုပေါင်းကျောင်း (၉၃) ကျောင်းတွင် ကျောင်းအပ်နှံခြင်းတို့ကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)