ငါန်းဇွန် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာ မိုးပန်းမွန်(ရာမည)၏ “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့ အတွက် အတွေးစာစုများစာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မောင်လမင်းထွန်းက “အနုပညာနှင့်လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့် နိုင်ငံတစ်နိုင်ငံတွင် “လူတော်ယဉ်ကျေးမှု”နှင့် “လူကောင်း ယဉ်ကျေးမှု”ဟု သတ်မှတ်ထားသည်များရှိကြောင်း၊ လူတော်များသော နိုင်ငံက တိုးတက်ဖွံ့ဖြိုးမှု အားကောင်းပြီး လူကောင်းများသော နိုင်ငံကတော့ ဖွံ့ဖြိုးမှု နှေးမည်ဖြစ်ပါကြောင်း၊ လူ့တန်ဖိုးကို မြှင့်တင်ရာတွင် ကြီးပွားချမ်းသာခြင်းနှင့် ရုပ်ဝတ္ထုမဏ္ဍိုင် ခိုင်မြဲရန်၊ သိက္ခာနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည် အနုပညာဖြစ်ကြောင်းနှင့် “အနုပညာသည် ဩဇာကြီးမားသည့် လှုံ့ဆော်မှု(Agitation)၊ စည်းရုံးမှု (Organization)၊ အသိပညာပေးခြင်း(Education) လုပ်ငန်းများကို လုပ်ဆောင်နိုင်၏” ဟူ၍လည်းကောင်း၊ “လူဘဝ တန်ဖိုးမြှင့်ရန် အနုပညာမြင့်မှ” ဖြစ်မည်ဟူ၍လည်းကောင်း၊ အဖွဲ့ဝင် မောင်မျိုးမင်းသူက “အလှဆုံးဖြစ်ချင်သလား” ခေါင်းစဉ်ဖြင့် မိန်းကလေးအများစု အလှကြိုက်တော့ အလှပြင်ဆိုင်တွေ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်တွေ၊ အထည်ဆန်းတွေလည်း ပလူပျံ။ ငွေတတ်နိုင်သူတွေရော၊ မတတ်နိုင်သူတွေရော ကြိတ်ကြိတ်တိုးပဲ။ လှချင်တာကို အပြစ်မဆိုပါဘူး၊ ဒါပေမဲ့ ကိုယ်ဘဝအတွက် ဘယ်ဟာက အရေးကြီးတယ်ဆိုတာ တွေးတတ်စေချင်တာပါ။ ကိုယ်အတွက် ဘယ်အတတ်ပညာက အရေးပါမလဲ၊ အဓိကနဲ့ သာမညကို တွေးရပါမယ်။ “တန်ဖိုးရှိတဲ့ အလှတရားစစ်စစ်” ဆိုတာကို လမ်းညွှန်ချင်ပါတယ်။ ပြင်ပရုပ်ရည်အလှကို မွမ်းမံခြယ်သပြီး တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာဆင်၊ ဟမ်းဖုန်းတွေ၊ တက်ပလက်တွေသုံးပြီး ဟန်ရေးပြရုံနဲ့ တန်ဖိုးရှိတဲ့ အလှကို ပိုင်ဆိုင်သူလို့ မပြောနိုင်ပါ၊ အတွင်းစိတ်ကောင်းသူမှ တန်ဖိုးရှိတဲ့ အလှကို ပိုင်ဆိုင်သူလို့ မှတ်ချက်ချရမှာပါ။ မိန်းကလေးတွေအားလုံး အလှဆုံးဖြစ်ချင်ရင် “နှလုံးသားကို အလှဆင်ပါ”လို့ တိုက်ထွန်းလိုပါကြောင်း၊ အဖွဲ့ဝင် မနှင်းယမုံကိုက “လူငယ်များ သိသင့်သော မိသားစု၏ အဓိပ္ပာယ်” ခေါင်းစဉ်ဖြင့် နိုင်ငံတစ်နိုင်ငံသည် မိသားစုတစ်စုနှင့် အလားသဏ္ဌာန်တူ၍ နိုင်ငံသားများသည် သားသမီး၊ ညီအစ်ကိုမောင်နှမများဖြစ်ပါကြောင်း၊ “မိသားစုတစ်စု” ၏ အဓိပ္ပာယ်ကို ဖော်ဆောင်ကြည့်လျှင် နက်ရှိုင်းသော မေတ္တာတရားများ စုစည်းနေသည်ကို တွေ့ရပါကြောင်း၊ “မိသားစု၏အိမ်”သည်သာ စိတ်ချယုံကြည်ရမည့် နေရာဖြစ်ပါ ကြောင်း၊ မိသားစုဝင်တိုင်းသည် ကိုယ့်အိမ်၊ ကိုယ့်လုံခြုံရေးကို အလေးအနက်ထားရမည်။ အိမ်တွင်(နိုင်ငံတွင်း) အငြင်းပွားမှုများကိုသိလျှင် အုပ်ထိန်းသူက လျစ်လျူရှုနေတာမျိုး မပြုမိစေရန် သတိထားသင့်ပါကြောင်းကိုလည်းကောင်း၊ “ရွှေရောင် လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့ အတွက် အတွေးစာစုများစာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)