နေပြည်တော် မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အမှာစကားပြောကြားရာတွင် ငလျင်ဘေးဖြစ်ပွားမှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစိုးရရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများပါ ထိခိုက်ပျက်စီးခဲ့ရပြီး နိုင်ငံတော်အနေဖြင့် ဘေးသင့်ပြည်သူများအားလုံးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများအား ရယူလျက် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် နိုင်ငံတော်မှ ဘိလပ်မြေ၊ သံ၊ သံမဏိနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါကြောင်းနှင့် နေအိမ်များပြန်လည်တည်ဆောက်ရာတွင်လည်း ငလျင်ဘေးဒဏ်ခံနိုင်သည့် အိမ်များဖြစ်အောင် တည်ဆောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်က ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးဟန်သူနှင့် တာဝန်ရှိသူများက ငလျင်လှုပ်ခတ်မှုကြောင့် ဇေယျာသီရိမြို့နယ်အတွင်း ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၃၉ လုံးမှ ပြည်သူများအတွက် နေအိမ်တစ်လုံးလျှင် တစ်သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သော ပုံးတစ်ပုံးစီအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)