ထားဝယ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်း(ဝင်ငွေတိုးစီမံကိန်း)အား အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများမှ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်  မေ ၂၂

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ဝင်ငွေတိုးစီမံကိန်း) အား အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးမှူး ဦးမျိုးမြင့်နိုင်က ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိကျေးရွာ ၁၀ ရွာတွင်စီမံကိန်းသင်တန်း ၁၀ ခုဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း၊ သင်တန်းတစ်ခုစီမှ ထူးချွန်သင်တန်းသား ငါးဦးစီရွေးချယ်၍ ၎င်းတို့ထူထောင်လိုသည့် လုပ်ငန်းအမျိုးအစားအလိုက် တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့်ညီမျှသော လုပ်ငန်းပစ္စည်းများ ပံ့ပိုးသွားမှာဖြစ်ပြီးလုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကိုယ့်ရပ်ရွာအကျိုးအတွက် အောင်မြင်သည့်လုပ်ငန်းရှင်များပေါ်ထွက်လာအောင် ဝိုင်းဝန်း၍ ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဒေါ်မဉ္ဇူဝင်း က စီမံကိန်းနှင့် သင်တန်းဆိုင်ရာ များအား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင်နည်းပြများက စီမံကိန်းကျေးရွာများမှကော်မတီဝင်များ အား ဘဏ္ဍာရေးဆိုင်ရာ စာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း၊ ကောင်းမွန်သောသန့်ရှင်းမှု ကျင့်စဉ်ကောင်းများနှင့် အမှတ်တံဆိပ်ကပ်ခြင်း၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ၊ ၎င်းတို့ထူထောင်လိုသော လုပ်ငန်းအမျိုးအစားအလိုက် စောင့်ကြည့်လေ့လာကြီးကြပ်စိစစ်အကဲဖြတ်ခြင်း M&E ဘာသာရပ်များအား မေ ၂၃ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)