နမ့်စန်(တ) မေ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်က ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်နှင့်တာဝန်ရှိသူများက နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ကျေးရွာများမှ ငါးမွေးတောင်သူ(၈)ဦး၏ (၃၉.၈၈)ဧက အတွက် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၃၉၈၈၀)ကောင်ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)