နောင်တရား မေ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ယနေ့မှစတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
“သားလေးအတွက် ကျောင်းအပ်ပြီးပါပြီ။ ကလေးရဲ့ပညာရေးကို ပထမဦးစားပေးအနေနဲ့အမြဲ စီစဉ်ထားလေ့ရှိပါတယ်။ ကလေးတွေ ကိုဗစ်အချိန်တုန်းကလည်း အချိန်တွေကုန်ခဲ့ပြီးပြီ ကလေးတွေပညာရေးအတွက် မလိုလားအပ်တဲ့ အချိန်တွေနောက်ထပ်မကုန်ဆုံးစေချင်တော့ ပါဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။
ကျောင်းအပ်နှံလာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းလက်ခံခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ဖြန့်ဝေးပေးသည်။ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၀၀၀ ကျော် ပညာသင်ကြားခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)