စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

စဉ့်ကိုင် မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၂) ရက်နေ့ နံနက်ပိုင်းမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီ ‌ဖြစ်‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်း (၁၀၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း (၉) ကျောင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဗိုလ်အောင် မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်မှူး ရဲမှူးသိန်းလွင်နှင့်  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများက ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် အတန်းအလိုက် သတ် မှတ်ထားသည့် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင်၊ KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)