မဟာအောင်မြေ မေ၂၂
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး စတင်လက်ခံခဲ့ရာ မဟာအောင်မြေမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်း သား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ (အခမဲ့)ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါးတည်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၄) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၃) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂၃) ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၃၇) ကျောင်းအပြင် ဘုန်းတော်ကြီးသင်ကျောင်း (၆) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂၁) ကျောင်းများတွင် မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇော်မင်း