နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ငလျင်ဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

နေပြည်တော် မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် ငလျင်ဘေးဖြစ်ပွားမှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစိုးရရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများပါ ထိခိုက်ပျက်စီးခဲ့ရပြီး နိုင်ငံတော်အနေဖြင့် ဘေးသင့်ပြည်သူများအားလုံးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများအား ရယူလျက် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော် ကောင်စီအတွင်း ငလျင်ဘေး ဖြစ်ပွားမှုကြောင့် သေးဆုံးသူမိသားစုဝင်များအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံပေးခဲ့ပြီး ယခုအခမ်းအနားတွင်လည်း ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေး ဖြစ်ပွားမှုကြောင့် နေအိမ်ပြိုကျခဲ့သည့် လူနေအိမ် ၁၀၀ လုံးအတွက် နေအိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သော ပုံးတစ်ပုံးစီအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဘိလပ်မြေ၊ သံ၊ သံမဏိနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အိမ်များပြန်လည် တည်ဆောက်ရာတွင်လည်း ငလျင်ဘေးဒဏ်ခံနိုင်သည့် အိမ်များဖြစ်အောင် တည်ဆောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများက ငလျင်ဘေးဖြစ်ပွားမှုကြောင့်  နေအိမ်ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် အလုံးတစ်ရာအတွက် ထောက်ပံ့ငွေကျပ် သိန်းတစ်ရာနှင့် ကယ်ဆယ်ရေးပုံးများ ပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို  (ပုဗ္ဗသီရိ)