တာချီလိတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တာချီလိတ် မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူတို့က ပျိုးပင်များပေးအပ်ရာ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက လက်ခံရယူကာ ကျွန်းပင် ၂၀၀၊ မဟော်ဂနီပင် ၂၀၀၊ မယ်ဇလီပင် ၂၀၀၊ မန်ဂျန်ရှားပင် ၂၀၀၊ စိန်ပန်းကြီးပင် ၅၀၊ ကံ့ကော်ပင် ၅၀၊ ခရေပင် ၅၀၊ တောင်တမာပင် ၅၀၊ ပန်းမယ်ဇလီပင် ၂၁၀ စသည့်ပျိုးပင် စုစုပေါင်း ၁၂၁၀ ပင်ကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့်  တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လားဟူတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံကျေးရွာနေပြည်သူများ စုစုပေါင်း အင်အား ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)