မိုင်းယောင်း မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူကလပ်အသင်းအဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း”စာအုပ်မှ “အကျပ်အတည်းကြားမှာ စဉ်းစား ကြံဆတတ်သူများ”အကြောင်းကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် Book Club မှ မမေထက်ထက်ဖူးဝေက “ဖောက်ထွက်အတွေးတို့၏ သဘော”အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “သိပ္ပံသမားစဉ်းစားပုံ”အကြောင်း၊ Youth Club မှ မသန္တာဝင်းနှင့် မနှင်းနန္ဒာနိုင်တို့က “ဦးနှောက်နှစ်ခြမ်းလုံးအသုံးချနိုင်အောင်” အကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး မိမိတို့ဖတ်ကြားခဲ့သည့်အကြောင်းအရာနှင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)