မိုင်းခုတ် မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးရွာအုပ်စု(၃)စုတို့မှ အ.မ.ကနောင်တုံ၊ အ.မ.က(ဝမ်ကတ်)နှင့် အ.မ.က(ဟိုခန့်)စသည့် ကျောင်းများမှ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၉) နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုအား မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးသန့်နှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး မိုင်းခုတ်မြို့တွင် ပညာသင်ကြားနေကြသည့် ကျောင်းနေအရွယ်ကလေးများအားလုံး အခမဲ့ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဆရာ/ဆရာမများက ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
မိုင်းခုတ်မြို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် အခြေခံပညာကျောင်းများတွင် ဇွန်လ (၁) ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)