မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း မေ ၂၂

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် ကောင်းလန်းအုပ်စု၊ ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မိမိဌာနတစ်ခုစီမှ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကောင်းလန်းကျေးရွာ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ရွေးကောက်ပွဲဆိုင်ရာသိသင့်သိထိုက်သည်များ၊ ကျန်းမာရေးနှင့်ပညာရေး အစရှိသော ကဏ္ဍများအလိုက် သက်ဆိုင်ရာဌာနအသီးသီးမှ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် မက်မန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်နှင့် ဝန်ထမ်းများက ကောင်းလန်းအုပ်စု၊ ကောင်းလန်းကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)