ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ကျောက်ပန်းတောင်း မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းအားလုံးကို ဇွန်လ (၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေ (၂၂) နေ့ နံနက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိ ကကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၈၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆) ကျောင်းနှင့် ပုဂ္ဂလိကကျောင်း (၁၁)ကျောင်းရှိရာ၊ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်ကို၊ ယနေ့ မေ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။ ထိုသို့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများက ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက်၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသား/ကျောင်းသူများအတွက် တန်းစဉ်အလိုက် သတ်မှတ်ထားသည့် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင်၊ KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ၊  ကျောင်းသား/ကျောင်းသူများ ကျောင်းသို့ ရောက်ရှိရေးနှင့် ကျောင်းတက်မှန်ကန်ရေးတို့ကို မိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)