ဟိုပုံး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံလာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ကျောင်းသားမိဘများအား စာရင်းပေးသွင်းစေပြီး သက်ဆိုင်ရာအပ်နှံပေးနေသည့် နေရာအသီးသီးသို့ သွားရောက်အပ်နှံစေကာ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းအစုံအလင်ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်နှင့် ဆရာ/ဆရာမများက ကျောင်းအပ်နှံနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးနေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်သည့် ယနေ့တွင် ကျောင်းလာရောက်အပ်နှံသူများဖြင့် စည်ကားလျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၁၆)ကျောင်း စုစုပေါင်း (၁၈၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)