ကွမ်းသီးအရည်သောက်(ခေါ်) ကွမ်းသီးအနုဈေးကွက်ကြောင့် လာမည့်နှစ် ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရနိုင်

ရေဖြူ မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အပါအဝင် ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သော ကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ ကွမ်းသီးအနုစျေးကွက်မှာ ဆယ်စုနှစ်တစ်ခုခန့်ကမှ စတင်ရောက်ရှိပြီဖြစ်သော်လည်း ရေဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ်တွင်မှ အရောင်းအဝယ် ဖြစ်လာသည်။

ကွမ်းသီးအရည်သောက် (သို့) ကွမ်းသီးအနုသည် ကွမ်းသီးပင်စတင်သီးချိန်၊ အရည်နုလေးများ စတင်ထည့်ချိန် အရွယ်အစားလုံးပတ်အချင်း ၁ လက်မခန့်၊ အလေးချိန် 20kg နှင့် 30kg အကြားတွင် စတင်ဆွတ်ခူး၍ ရောင်းချကြသည်။ အဝိုင်းသီးနှင့် အချွန်းသီးပုံစံ နှစ်မျိုးဖြင့် သီးလေ့ရှိပြီး အဝိုင်းသီးခေါ် သံပုရာသီးပုံစံကို ပယ်၍ အချွန်းသီး (အရှည်သီး) ကိုသာ အဝယ်ဒိုင်များက ဝယ်လေ့ရှိသည်။

ကွမ်းသီးအရည်သောက် (ခေါ်) ကွမ်းသီးအနုအားတရုတ်နိုင်ငံက အများအပြား ဝယ်ယူကြောင်း၊ မြန်မာနိုင်ငံတွင် ကွမ်းသီးအနုများအား မီးအပူဖြင့်ပေါင်း၍ အခြောက်ခံပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးစိမ်း၊ ကွမ်းသီးအခြောက်များကို ကွမ်းယာယာ၍ စားသုံးကြသော်လည်း တရုတ်နိုင်ငံတွင် သရေစာအဖြစ် ထုတ်လုပ်ရောင်းချကြောင်း သိရသည်။

ပြီးခဲ့သည့် ရာသီကကွမ်းသီးအရင့်တစ်လုံးကို ပျမ်းမျှ (၅၀)ကျပ် စျေးရှိနေချိန်တွင် ကွမ်းသီးနု ကွမ်းသီးတစ်လုံးလျှင် အနည်းဆုံး (၇၀) ကျပ် ပေးကာ ဝယ်ယူနေပြီး အခြောက်ကဲ့သို့ ကုန်ကျစရိတ်မရှိပဲ စျေးကောင်းပေးဝယ်ယူနေသဖြင့် ကွမ်းသီးခြံလုပ်ငန်းရှင်များမှာ ကွမ်းသီးအနုများ ရောင်းချရန် စိတ်ဝင်စားလာကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင် နေရာအတော်များများတွင် ကွမ်းသီးနုများ ဆွတ်ခူးရောင်းချလာကြပြီး တောင်သူများအနေဖြင့်လည်း ကွမ်းသီးအနုကပို၍ တွက်ခြေကိုက်ကြောင်း သိရသည်။ လာမည့် ကွမ်းသီးမှည့်ရာသီတွင် ကွမ်းသီးအနုဆွတ်ခူးရောင်းချမှုများသောကြောင့် ကွမ်းသီးအခြောက်လုပ်ငန်းမှာ နှစ်တိုင်းထက်‌ ဈေးပိုရနိုင်ကြောင်းသိရသည်။

ခတ္တာ