ညောင်ဦး မေ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လာသည့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း KG တန်းမှ Grade -12 အထိ ကျောင်းသား/ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းထံက သိရသည်။
ညောင်ဦးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ စတင်လက်ခံလျက်ရှိသည့် မေ ၂၂ ရက်နေ့မှာပင် ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G- (၇၅၂၇)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၁၉၅၅)ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသား/ကျောင်းသူ (၇၄၄) ဦး လာရောက်အပ်နှံခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၂၂၆)ဦးရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ လာရောက်အပ်နှံလျက်ရှိသည့် ကျောင်းများသို့ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ အပ်နှံနိုင်ရေးနှင့် စာသင်ခန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အတွက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း (ပြန်/ဆက်)