ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ဒဂုံဆိပ်ကမ်း   မေ   ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၉ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ အဘိတ်ဆေးခတ်ကာလအဖြစ်သတ်မှတ်ကာ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကြိုကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက အမှတ်(၈၉)ရပ်ကွက်တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်ဦးဆောင်သော ၀န်ထမ်းများ၊ စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များက အမှတ်(၈၉)ရပ်ကွက် အပိုင်ရာအိမ်မှူးများနှင့် ပူးပေါင်း၍  နေအိမ်များသို့ သွားရောက်ကာ ခြင်မှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း ၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ၊  ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုး များတွင် ပိုးလောက်လမ်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းများအား  အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများတွင် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)