အင်းစိန် မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်မြို့နယ်စာရေးဆရာအသင်း နှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးရေးသားနည်းသင်တန်းကို မေလ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဘိုကြည်၊ (ဒေါက်တာဗိုလ်သံမဏိတောင်တွင်းကြီး)၊ အင်းစိန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့်-ငှက်ဖျား)၊ စာရေးဆရာရန်မိုးအောင်နှင့် ဆရာမြတ်လွမ်းနောင် (ပုတီးကုန်း)တို့က သင်ခန်းစာပို့ချမည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းကို မေလ(၁၉)ရက်နေ့မှ မေလ (၂၇)ရက်ထိ (၇)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သူ(၅၀) ဦး တက်ရောက်ကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (အင်းစိန်)