အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျွန်းစုမြို့တွင် ကျင်းပ

ကျွန်းစု မေ ၂

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက် (၈) နာရီ အချိန်က ကျွန်းစုမြို့၊ ကပကျေးရွာ၊ ကတန်ကျွန်းပတ်လမ်းနံဘေး သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး  သစ်ပင်စိုက်ပျိုးပွဲတော်ကို သတ်မှတ်နေရာ၌  ကျင်းပရာ တက်ရောက်လာကြသူများက စုပေါင်း ပါဝင်ကာ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလှပစေရန်နှင့် ဒေသခံပြည်သူများက သစ်ပင် စိုက်ပျိုးမှု နည်းပညာနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို သိရှိကာ လက်တွေ့ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး ပျဉ်းကတိုး အပင်(၁၃၀)၊ မဟော်ဂနီ အပင်(၁၂၀)၊ မန်ဂျာရှားပင် အပင်(၆၀)၊ သင်္ကန်းပင် အပင်(၃၀)၊ ခရေပင် (၂၀)  စုစုပေါင်းသစ်ပင် အပင်(၃၆၀)တို့အား သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးခဲ့ရာ မြိတ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)