မြစ်ကြီးနား မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ယမန်နေ့နံနက် ၁၀ နာရီက တပ်မတော်အထူးလေယာဉ်ဖြင့် ရောက်ရှိပြီး မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရး Grade-12 ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းမှ Grade-12 ကျောင်းသား/ ကျောင်းသူ (၄၁၀)ဦးတို့အား အခြေခံပညာ ဆရာ/ ဆရာမများက ဘာသာရပ်အလိုက် ပြန်လည်သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် စိတ်ဓာတ်တက်ကြွစွာဖြင့် ပညာကို လေ့လာသင်ယူကြရန်နှင့် ဒုတိယအကြိမ်အခွင့်အရေးအဖြစ်မှတ်ယူပြီး ပိုမိုကြိုးစားအောင်မြင်အောင် ဖြေဆိုကြရေးအားပေးမှာကြားကာ ကျောင်းခန်းမ၌ စခန်းဝင်ကျောင်းသား/ကျောင်းသူများအား နေ့လည်စာ/ ညစာကျွေးမွေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလားတူမြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းမှ Grade-12 ကျောင်း သား/ ကျောင်းသူ(၄၂၁)ဦးတို့အား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသော အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားကာ နေ့လည်စာကျွေးမွေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က Grade-12 ကျောင်းသား လူငယ်အားလုံး ပထမအကြိမ်ဖြေဆိုသည့် စာရင်းရှိအတိုင်း ပြန်လည်ဖြေဆိုနိုင်အောင် စီမံဆောင်ရွက်သွားကြရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရက ပြည်နယ်အစိုးရအဖွဲ့ထံ ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ယာယီတဲအိမ်များနှင့် မိုးကာလိပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရထံမှ ပေးပို့လှူဒါန်းလာသော ယာယီတဲအိမ် (အဆောင်သေး) ၁၀၀ စုံနှင့် မိုးကာလိပ် ၃၁၂ လိပ်ကို ကိုယ်စားလှယ်အဖွဲ့ထံမှ လွှဲပြောင်းပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်စန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရအနေဖြင့် ယခုလိုငလျင်ဘေးဒဏ်သင့် ဒေသများအတွက် မိုးကာတဲများ၊ မိုးကာလိပ်များ ပေးပို့လှူဒါန်းမှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့သည့် ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမနှစ် စက်ဝန်း၊ ဒုတိယနှစ် စက်ဝန်းမှ မတည်ရန်ပုံငွေကျပ်သိန်း (၂၀၀၀)ကျော်ဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ခဲ့ကြပြီး စက်ရုံအတွင်း နှစ်ဘက်ချော ကျောင်းသုံးဗလာစာအုပ်များ၊ အကြမ်းစာအုပ်များ၊ တစ်ရှုးနှင့်ကတ်ထူစက္ကူများအား လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် အဆိုပါ “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး စက်ရုံအား မန်ခိန်ရပ်ကွက် အတွင်း ရွေ့ပြောင်း၍ စက်ရုံအသစ် တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာမှ ယာယီတိမ်း လာသော အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မန်ခိန်ရပ်ကွက်၊ ကချင်ပြည်နယ်လွှတ်တော်ရုံး အနောက်ဘက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင် မြေနေရာ၌ နေရာချထားပေးခဲ့သော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက မိမိအနေဖြင့် ယနေ့အိမ်ထောင်စုများ နေထိုင်စားသောက်လျက်ရှိသည့် အခြေအနေများကို လာရောက်ကြည့်ရှုပြီး စိတ်ဓာတ်ခွန်အားပေးခြင်း၊ ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူး သဖြင့် စိတ်ဓာတ်ခွန်အားသည် အရေးကြီးဆုံးဖြစ်ပြီး ပြည်သူနှင့် အစိုးရ လက်တွဲညီညီပူးပေါင်းဆောင် ရွက်နေပါက အနာဂတ်တွင် အေးချမ်းသာယာပြီး စစ်မှန်သော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း အားပေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အဆိုပါစခန်းအတွင်းရှိ အိမ်ထောင်စု (၅၀)၊ လူဦးရေ (၂၈၁)ဦးတို့အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန် (၂၄)ပြည်ပါ ဆန်အိတ် (၅၀) အိတ်နှင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဆီပိဿာ (၅၀)၊ ရေသန့်ကတ်(၅၀)၊ ခေါက်ဆွဲခြောက်ဖာ (၅၀)၊ အဆင့်စားဆန်ပြုတ်ထုတ်(၁၂)ဖာနှင့် အသားချောင်း (၁၀)ဖာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် လျှပ်စစ်မီး လိုအပ်ချက်၊ အဝင်/ အထွက်လမ်း သဲကျောက်ခင်းပေးနိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များကိုတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် အဆိုပါမြေဧရိယာအတွင်း ချီဖွေခရိုင်မှ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများအတွက် နေရာချထားပေးနိုင်ရေး ယာယီတဲအိမ်များ တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ မိုးမကျမီ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေးနှင့် ဝန်ထမ်းများအား စနစ်တကျ ရွေ့ပြောင်းနေရာချထားပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)