ဇေယျာသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မေလ ၂၂ ရက်နေ့မှ ဇွန်လတစ်ရက်နေ့အထိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာသီရိမြို့နယ်အတွင် အခြေခံပညာကျောင်း (၅၇) ကျောင်း၊ ဘုးန်တော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄)ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လနှစ်ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)