ကျိုင်းလပ် မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ မူလတန်းလွန် (၁)ကျောင်းနှင့် မူလတန်းကျောင်း (၁၆)ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)