တနင်္သာရီမြို့နယ်၏ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ ကျင်းပ

တနင်္သာရီ မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ အမှတ်(၂) စစ်နယ်မြေမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ/ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ယခုဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ခြင်းခံရသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မှာကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းရီက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် အမှတ်(၂) စစ်နယ်မြေမှူး၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း စသည့် ဌာနဆိုင်ရာများမှ အကြီးအကဲများ/ တာဝန်ခံများအား (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ပေးကြောင်း သိရသည်။

ယင်းနောက် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်ကို ပြန်လည်ရှင်းလင်းတင်ပြကြပြီး အမှတ်(၂) စစ်နယ်မြေမှူးက နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)