နေပြည်တော် မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ငလျင်ဘေးဖြစ်ပွားမှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစိုးရရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများပါ ထိခိုက်ပျက်စီးခဲ့ရပြီး နိုင်ငံတော်အနေဖြင့် ဘေးသင့်ပြည်သူများအားလုံးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများအားယူရလျက် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီအတွင်း ငလျင်ဘေးဖြစ်ပွားမှုကြောင့် သေးဆုံးသူမိသားစုဝင်များအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံပေးခဲ့ပြီး ယခုအခမ်းအနားတွင်လည်း တပ်ကုန်းမြို့နယ်အတွင်းရှိ ငလျင်ဘေးဖြစ်ပွားမှုကြောင့် နေအိမ်ပြိုကျခဲ့သည့် လူနေအိမ် ၁၅၇ လုံးအတွက် နေအိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သော ပုံးတစ်ပုံးစီအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးရန်၊ မီးခိုးမြူငွေ့များကင်းစင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ဘိလပ်မြေ၊ သံ၊ သံမဏိနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ငလျင်ဘေးဖြစ်ပွားမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ၁၅၇ လုံးအတွက် ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့် ကယ်ဆယ်ရေးပုံးများ ပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကိုယ်စား ဒေသခံပြည်သူနှစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလခံယူဆောက်တည်ကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ မကျီးပင် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများစခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်ကျောင်းစားထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် မေလ ၁၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် မကျီးပင်ကျေးရွာအတွင်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့မဈေးသို့ ရောက်ရှိပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဈေးဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆောက်အဦများ ပြန်လည်ဆောက်လုပ်ရာတွင် မြေစမ်းသပ်မှု(Soil Test) စနစ်တကျ ပြုလုပ်ဆောင်ရွက်ရန်လိုကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော SOP နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေးနှင့် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်း ရေးစီးရေလားကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ရေးစီးရေလာကောင်းမွန်စေရေး အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းပြီး ပြည်သူများနှင့်တွေ့ဆုံ၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် သိမ်ကျောင်းဆောင်နှင့် ဆွမ်းစားဆောင် ပြန်လည်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးကြောင့် ပြိုကျခဲ့သော နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားကာ ပျဉ်းမနားမြို့နယ်အတွင်း ပြိုကျခဲ့သည့် လူနေအိမ် (၄၁၄)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သော လူနေအိမ် တစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၄၁၄)သိန်းအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ပါဝင်သော ပုံးများ ပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်သောက်သုံးရေ တိုးမြှင့်ပေးဝေနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် လိုအပ်သော သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ နေပြည်တော်တွင် သောက်သုံးရေအား နေ့စဉ်ရေဂါလန် (၁၇)သန်း ဖြန့်ဝေပေးလျက်ရှိပြီး သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဘေးကြောင့် ဆည်၊ တမံများနှင့် ရေပေးဝေရေးပိုက်လိုင်းများ ထိခိုက်ပျက်စီးခြင်းဖြစ်ပေါ်ခဲ့မှုအပေါ် မိုးမကျမီ ပြီးစီးအောင် အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးမြှင်နိုင်ရေးအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လက်ရှိရယူသုံးစွဲနေသည့် သောက်သုံးရေနှင့် စိုက်ပျိုးရေများကိုလည် စနစ်တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအတွက် ထမင်းဘူးများလှူဒါန်းပေးသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားလှယ်များအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဧပြီလ ၁ ရက် နေ့မှ မေလ ၂၁ ရက်နေ့အထိ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအတွက် နေ့စဉ် ထမင်းဘူး ၁၀၀၀ အား ချက်ပြုတ်လှူဒါန်းခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားလှယ်များအား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)