နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၂၂ 

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်းအားပြင်း မန္တလေးမြေငလျင်ကြီးကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်း နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက်  ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် စု‌ပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင်(ယာယီ)စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မန္တ‌လေးငလျင်ကြီးကြောင့် နေပြည်တော် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများပြည်သူ အဆောက်အအုံများ၊ အိမ်ရာများနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့‌ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ အကူအညီများအား ရယူလျက် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း၊ ထိခိုက်ပျက်စီးသွားသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိ‌ကြောင်းနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ငလျင်ဘေးသင့်ပြည်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် ငလျင်ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ငလျင်ဘေးကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် ဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် (၃၉) အိမ်ထောင်စုအတွက် ကျပ် (၃၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ပါဝင်သော ပုံး(၃၉) ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)