နေပြည်တော် မေ ၂၂
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်းအားပြင်းမန္တလေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုက ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများအား ရယူလျက် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိခိုက်ပျက်စီးသွားသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ငလျင်ဘေးသင့်ပြည်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)