ထန်းတပင် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမရှိ သီတာအေး(ယာယီ)ပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလသစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်းငါးသောင်း နှစ်ထောင်ကျော်ကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အနေနဲ့ သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက်ဆိုပြီးတော့ သီတာအေး (ယာယီ) ပျိုးဥယျာဉ်မှာ ပျိုးပင်ပေါင်း(၅၂၅၆၀)ကို ပျိုးထောင်ထားရှိပါတယ်၊ အဲဒီအထဲမှာမှ မြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ့ နဲ့ရပ်ကွက်ကျေးရွာ နေပြည်သူတွေကို (အခမဲ့) ဖြန့်ဝေပေးနိုင်ဖို့အတွက်ဆိုပြီးတော့ မန်ကျည်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်၊ ပျဉ်းမပင်၊ ခရေပင်နဲ့ မန်ဂျန်ရှားပင်သစ်ပင်မျိုး(၆)မျိုး အပင်ပေါင်းနှစ်သောင်းကိုတော့ ၂၀၂၄ ဒီဇင်ဘာလကနေစတင်ပြီး ပျိုးထောင်ထားထားတာဖြစ်ပါတယ်။ ဖြန့်ဝေပေးသွားမှာကတော့ ဇွန်လဆန်းမှစတင်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ပြောသည်။
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလိုသာယာလှပပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်နေမှုများအား တဖက်တလမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်၍ ပျိုးပင်များကိုပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ထန်းတပင်မြို့နယ် သီတာအေး(ယာယီ)ပျိုးဥယျာဉ်တွင် မန်ကျည်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်၊ ပျဉ်းမပင်၊ ခရေပင်နဲ့ မန်ဂျန်ရှားပင်များကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်