မြစ်သား မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာစစ်ဌာနများသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်နှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက မီးဘေးလုံခြုံရေးအတွက် ကာကွယ်ပြင်ဆင်ထားပုံများ၊ စာစစ်ဌာနများ၌ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူး အရန်သင့် ထားရှိမှုများ၊ မီးသတ်ရေကန်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြပ်မတ်ပြီး မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများက လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြုလမ်းညွှန်မှာကြား ခဲ့သည်။ ထို့နောက် မြစ်သားမြို့နယ်တွင်းရှိ ၂၀၂၄-၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာစစ်ဌာန (၃)ခု ဖြစ်သော မြစ်သားအခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေမြူရေးအထက်တန်းကျောင်း၊ သာလွန်အခြေခံပညာအထက်တန်းကျောင်းနှင့် ရွာခိုင်ကြီး အခြေခံ ပညာအထက်တန်းကျောင်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)