မတ္တရာ မေ ၂၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးအတွက် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မတ္တရာ) ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး လှုံ့ဆော်ရေးမြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြပြီးနောက် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အောင်တို့မှ အမွှေးနံ့သာရေများဖြင့် ပတ်ဖျန်းပေးခဲ့ကြပြီး ဆရာ၊ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၂၀၂၅-ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းသိရသည်။
ထို့နောက် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်းအောင်နှင့် အဖွဲ့ဝင်များသည် တာဝန်ခံ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အောင်နှင့်အတူ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်ပြ ဆရာ၊ဆရာမများမှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ဆိုလာမီးလုံးများနှင့် ဆရာ၊ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)