မိုင်းခုတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း (၃၀၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀၀)ပင်၊ ပိတောက် (၁၀၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀၀) ပင်၊ မယ်ဇလီ (၃၀၀၀)ပင်နှင့် စိန်ပန်းနီ(၁၀၀၀)ပင် စုစုပေါင်းပျိုးပင် (၁၀၀၀၀)ပင်အား သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထာကြောင်း မြို့သစ်တောဦးစီးဌာန၊ တောအုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။
အဆိုပါ ပျိုးပင်များအား တပ်ရင်းတပ်ဖွဲများ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများနှင့်ဒေသခံပြည်သူများသို့ စုစုပေါင်း ပျိုးပင် (၁၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပြီး မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် လိုအပ်သူများအနေဖြင့် အမှတ် (၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ မြို့သစ်တောဦးစီးဌာနတွင် ပျိုးပင်များ(အခမဲ့) သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)